အငြိမ်းစား၀န်ထမ်းနှင့်ပတ်သတ်၍
အထွေထွေပြဌာန်းချက်များ
အငြိမ်းစား၀န်ထမ်းနှင့်ပတ်သတ်၍ အထွေထွေပြဌာန်းချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် – (က) ၀န်ထမ်းအဖြစ်မှအငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့်နည်းဥပဒေ-၂၄၆တွင်ပါရှိသည့်အတိုင်းခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့်၀န်ထမ်း၏လုပ်သက်သည်ကျေနပ်ဖွယ်ရာမရှိကြောင်းခိုင်လုံသည့်အထောက်အထားများရှိပါက ၀န်ထမ်းကို အငြိမ်းသားယူခွင့်ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ ယင်း၀န်ထမ်းခံစားခွင့်ရှိသော ပင်စင်အနက်မှ သင့်လျော်မည်ဟု ယူဆသည့်ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။ (ခ) ၀န်ထမ်းခံစားခွင့်ရှိသည့် ပင်စင်လစာကိုခွင့်ပြုပြီးနောက်မှ ယင်း၀န်ထမ်း၏လုပ်သက်သည်ကျေနပ်ဖွယ်မရှိဟူသော အကြောင်းပြချက်ဖြင့်ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို လျှော့ခွင့်မရှိ။ (ဂ) အငြိမ်းသားတစ်ဦးကို ၀န်ထမ်းများအတွက်ပြဌာန်းထားသည့် နည်းဥပဒေများအရ အရေးယူအပြစ်ပေး၍မရ။သို့ရာတွင် အငြိမ်းစားသည်နည်းဥပဒေ-၁၆၃၊နည်းဥပဒေခွဲ(ပ)နှင့်နည်းဥပဒေခွဲ(ဖ)ပါ အပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သော် ယင်းအငြိမ်းစား၏ပင်စင်လစာတစ်စိတ်တစ်ဒေသကိုဖြစ်စေ(သို့မဟုတ်)အားလုံးကိုဖြစ်စေလျှော့ချခြင်း၊ရပ်ဆိုင်းခြင်း ၊ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။ (ဃ) အငြိမ်းစားတစ်ဦးအတွက် ခွင့်ပြုပြီးဖြစ်သည့် ပင်စင်လစာကို အငြိမ်းစားမယူမီက ကျူးလွန်ခဲ့သောပြစ်မှုတစ်ရပ်ရပ်ကိုအကြောင်းပြု၍ ရပ်ဆိုင်းထားခြင်းဖြစ်စေ၊လျှော့ချခြင်းကိုဖြစ်စေမပြုရ။ (င) အငြိမ်းစားတစ်ဦး၌ တင်ရှိသည့်ကြွေးမြီများအတွက် ပင်စင်လစာကိုတရားရုံး၏ အမိန့်ဒီဂရီအရသိမ်းဆည်းခြင်း(သို့မဟုတ်)၀ရမ်းကပ်ခြင်းမပြုရ။ (စ) နာမကျန်းပင်စင်ခွင့်ပြုရာတွင် အထူးကိစ္စရပ်မှတစ်ပါးမည်သည့်၀န်ထမ်းကိုမျှနာမကျန်းဆေးလက်မှတ်တွင် သတ်မှတ်ထားသောဆေးအဖွဲ့၏လက်မှတ်ရေးထိုးသောနေ့ထက် ကျော်လွန်ခန့်ထားခြင်းမပြုရ။ သို့ရာတွင် ယင်းလက်မှတ်ရေးထိုးသော နေ့နောက်ပိုင်းအထူးကိစ္စတစ်ရပ်အနေဖြင့်ပင်စင်ခွင့်ပြုနိုင်သူမှဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ပြုလိုပါက ခွင့်ပြုနိုင်သည့်အပြင် လုပ်သက်ခွင့်ကိုလည်း ခံစားခွင့်ပေးနိုင်သည်။ ယင်းသို့ဆက်လက်ခန့်ထားသောကာလနှင့်ခွင့်ကာလနှစ်ရပ်ပေါင်းအများဆုံး(၆)လထက်မပိုရ။ နာမကျန်းပင်စင် ယူခွင့်ကိုလည်း ယင်းကာလကုန်ဆုံးမှခွင့်ပြုရမည်။ (ဆ) အမြဲတမ်းရာထူးတစ်ခုကို ဖျက်သိမ်းရာ၌ ထိုရာထူးတွင် တာ၀န်ထမ်းဆောင်နေသည့် ၀န်ထမ်းအားအခြားအလုပ်အကိုင်တစ်ခုခုကိုမပေးလျှင် ရာထူးမှထွက်ခွာရမည့် နေ့မတိုင်မီ(၃)လ ကြိုတင်၍အကြောင်းကြားရမည်။ (ဇ) ၀န်ထမ်းတစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကိုယင်း၀န်ထမ်းပင်စင်ယူသည့် အချိန်၌တည်ဆဲနည်းဥပဒေများ၊အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။ (စျ) အငြိမ်းစားယူပြီးနောက် ဥပဒေအရ ခံစားခွင့်ရှိသည့် ပင်စင်လစာထက်ပိုမို ထုတ်ပေးထားကြောင်းစစ်ဆေးတွေ့ရှိပါက ပင်စင်စားအား ပြန်လည်ပေးသွင်းစေရမည်။ (ည) တစ်နှစ်ထက်ကျော်လွန်၍ ပင်စင်လစာကိုထုတ်ယူခြင်း မပြုပါက ပင်စင်လစာကို ဆက်လက်ထုတ်ပေးခြင်းမပြုရ။ (ဋ) ပင်စင်စားမှပင်စင်လစာကို ပြန်လည်တောင်းခံလာပါက ရပ်ဆိုင်းသည့်နေ့ရက်မှစ၍ ထုတ်ပေးရမည်။ပင်စင်ဦးစီးဌာနသည်လိုအပ်သလိုစိစစ်၍ ဘဏ်(သို့) ငွေတိုင်ခွဲသို့သီးခြားအမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့်ထုတ်ပေးရမည်။ (ဌ) ပင်စင်စားကွယ်လွန်ခဲ့လျှင် ပင်စင်လစာကျန်ငွေများကို ပင်စင်စား၏တရား၀င်အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။ပင်စင်ဦးစီးဌာနသည် လိုအပ်သလို စိစစ်၍အမွေစားအမွေခံအား ထုတ်ပေးနိုင်ရန် ဘဏ်(သို့) ငွေတိုက်ခွဲသို့ သီးခြားအမိန့်စာဖြင့် ငွေထုတ်ပေးခွင့်ပြုမိန့်ထုတ်ပေးရမည်။ (ဍ) အမှုထမ်းသက် ဆက်စပ်သည့်ကိစ္စတွင် ယခင်ရရှိခဲ့သော ပင်စင်လစာ၏ တစ်စိတ်တစ်ပိုင်းကို တစ်လုံးတည်းပင်စင်အဖြစ် လဲလှယ်ခဲ့ပါက လဲလှယ်ခဲ့သည့်အစိတ်အပိုင်း၏ယခုလက်ရှိတန်ဖိုးတွက်ချက်ထားသည့်ငွေကို ပြန်လည်ပေးသွင်းရမည်။ (ဗ) တစ်လုံးတည်းပင်စင်ဖြင့်လဲလှယ်ခဲ့သည့် လက်ရှိတန်ဖိုးငွေ တွက်ချက်ရာတွင် ပြန်လည်တာ၀န်ထမ်းဆောင်သည့်ရာထူးမှအငြိမ်းစားယူသည့်နေ့တွင်ရှိသည့်အသက်ကို အခြေခံ၍ သတ်မှတ်ထားသောပင်စင်လဲလှယ်မှုဇယား(၆)ပါသတ်မှတ်ကာလအပေါ်တွက်ချက်ရမည်။ (ဏ) ပင်စင်စားသည် ထောက်ဒဏ်ကျခံရပါက ပင်စင်ခံစားခွင့်ကိုရပ်ဆိုင်းထားရမည်။ ပြစ်ဒဏ်ကျခံရခြင်းမှလွတ်မြောက်လာပါက ၎င်း၏ပင်စင်ကိုပြန်လည်ခွင့်ပြုရမည်။သို့ရာတွင် ပြစ်ဒဏ်ကျခံရသော ကာလအတွက် ပင်စင်လစာကို ပြန်လည်ခွင့်မပြုရ။
