အငြိမ်းစားဝန်ထမ်းများနှင့် ပတ်သက်၍ အထွေထွေပြဋ္ဌာန်းချက်များ
အငြိမ်းစားဝန်ထမ်းများနှင့် ပတ်သက်၍ အထွေထွေပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည့်အခါ ပုံမှန်အားဖြင့် နည်းဥပဒေ-၂၄၆တွင် ပါရှိသည့်အတိုင်း ခံစားခွင့်ရှိသည်။ အကယ်၍ အငြိမ်းစားယူသည့်ဝန်ထမ်း၏ လုပ်သက်သည် ကျေနပ်ဖွယ်ရာ မရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ ရှိပါက ဝန်ထမ်းကို အငြိမ်းစားယူခွင့် ပြုနိုင်သူသည် ပင်စင်ခွင့်မပြုမီ ယင်းဝန်ထမ်း ခံစားခွင့်ရှိသော ပင်စင်အနက်မှ သင့်လျော် မည်ဟု ယူဆသည့် ငွေအတိုင်းအတာကို လျှော့၍ ခွင့်ပြုနိုင်သည်။
ပင်စင်လစာအဆင့်ဆင့်တိုးမြှင့်လာခြင်း
အငြိမ်းစားများရရှိသည့် ပင်စင်လစာငွေကို အောက်ပါအတိုင်းအဆင့်ဆင့်တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည် – (က) ၁-၄-၁၉၈၉ နေ့မှစ၍ ပင်စင်လစာပေါ်တွင် ထပ်ဆောင်းခွင့်ပြုသည့် ယာယီဆောင်းငွေ နှင့် အပိုထောက်ပံ့ကြေးတို့ကိုပေါင်း၍ ပင်စင်လစာအဖြစ်သတ်မှတ်ခွင့်ပြုပါသည်။ (ခ) ၁-၄-၁၉၉၃ နေ့မှစ၍ အငြိမ်းစားများ ထုတ်ယူလျှက်ရှိသော ပင်စင်လစာ၏ ၂၅% တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။
မိသားစုပင်စင်ခံစားခွင့်အတွက် ဦးစားပေးအစီအစဉ်
( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေများ-၂၄၈ အရ မိသားစုပင်စင် ဦးစားပေးအစီအစဉ် ) ကွယ်လွန်သူ၏ကျန်ရစ်သူတရားဝင်ပထမဇနီး(သို့) တရားဝင်ခင်ပွန်း၊ တရားဝင်ပထမဇနီး(သို့) တရားဝင်ခင်ပွန်းမရှိခဲ့သော် အသက်(၁၈) နှစ်မရှိသေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင်သားသမီး(သို့မဟုတ်) အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်းတက္ကသိုလ်ကောလိပ်ကျောင်းတခုခုတွင် အချိန်ပြည့်ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသည့် တရား၀င်သားသမီး၊ အထက်ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်းမပြုရသေးသည့်သမီး(သို့)မုဆိုးမဖြစ်နေသောသမီး၊ အထက်ပါပုဂ္ဂိုလ်များမရှိခဲ့သော် အိမ်ထောင်လည်းမပြုရသေးသည့်အပြင် အသက်(၁၈)နှစ်မပြည့်သေးသည့်အဖမဲ့မြေး(သို့မဟုတ်) အသက်(၁၈) နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်ကောလိပ် ကျောင်းတခုခုတွင်အချိန်ပြည့်ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသောအဖမဲ့မြေး။
ပင်စင်အကျိုးခံစားခွင့်ရရှိရန်လိုအပ်သည့်အခြေခံအချက်များ
ပင်စင်အကျိုးခံစားခွင့်ရရှိရန်အလို့ငှာအောက်ပါအခြေခံအချက်များနှင့်ညီညွတ်ရန်လိုအပ်ပါသည် – နိုင်ငံတော်၏ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာ၀န်ထမ်းဆောင်ခြင်း။ ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့်ရာထူးတွင် အချိန်ပြည့်တာ၀န်ထမ်းဆောင်ခြင်း။ တာ၀န်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကိုနိုင်ငံတော်ဘဏာရန်ပုံငွေမှ ကျခံခြင်း။
