ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund) အကောင်အထည် ဖော်ရေးကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ (၂/၂၀၂၁) အစည်းအဝေးကို ၁-၁၂-၂၀၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီအမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ရေရှည်တည်တံ့ ခိုင်မြဲသော အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မိမိတို့ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကော်မတီ အနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ဉပဒေကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။