ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၄-၃-၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေး မှူးချုပ်များလည်း ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ တိုးမြှင့်ပင်စင် ခွင့်ပြုမိန့်များ လုံခြုံမှုရှိစေရေးအတွက် လိုအပ်ချက်များ စနစ်တကျ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး

ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ တိုးမြှင့်ပင်စင် ခွင့်ပြုမိန့်များ လုံခြုံမှုရှိစေရေးအတွက် လိုအပ်ချက်များ စနစ်တကျ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အလယ်ထပ် အစည်းအဝေး ခန်းမ၌ ၂၂-၃-၂၀၂၂ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် ဦးဆောင်သောအဖွဲ့နှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး ဦးဆောင်သောအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း။

ပင်စင်ဦးစီးဌာန၏ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားအား ၁၄-၃-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်ဝင်း၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသူ/သားများမှ တက်ရောက်ခဲ့ပါသည်။ ပင်စင်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဦးစီးမှူးနှင့် စိစစ်ရေးမှူး (၄) များ ပင်စင်ဆိုင်ရာလုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး ရည်ရွယ်ချက်ဖြင့် သင်တန်းစီမံချက်ရေးဆွဲကာ ၃၁-၃-၂၀၂၂ ရက်နေ့အထိ သင်တန်း ပေးအပ်သွားမည်ဖြစ်ပါသည်။ 

ပင်စင်ဦးစီးဌာနတွင်း စိစစ်ရေးမှူး(၄)မှ စိစစ်ရေးမှူး(၃)သို့ ရာထူးတိုးစာမေးပွဲ ကျင်းပခြင်း

ပင်စင်ဦးစီးဌာနတွင်း စိစစ်ရေးမှူး(၄) မှ စိစစ်ရေးမှူး(၃)ရာထူးသို့ အမှုထမ်းရာထူးတိုး စာမေးပွဲအား သတ်မှတ်ချက်ပြည့်မီသော အမှုထမ်း (၃၀) ဦးဖြင့် ၂၈-၂-၂၀၂၂ ရက်နေ့တွင် သာသာရပ်ဆိုင်ရာစာမေးပွဲ၊ ရုံးလုပ်ငန်းနှင့်ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ စာမေးပွဲနှင့်ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို လည်းကောင်း၊ ၁-၃-၂၀၂၂ ရက်နေ့တွင် အင်္ဂလိပ် စာမေးပွဲစစ်ဆေးခြင်းကိုလည်းကောင်း ရုံးအမှတ် (၃၄)၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် ဦးဆောင်သော စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များက စာမေးပွဲဖြေဆိုရာတွင် မသမာမှုများ မရှိစေရန် ကြီးကြပ် စစ်ဆေးခဲ့ပါသည်။

 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ၂-၂-၂၀၂၂ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မတီအတွင်းရေးမှူး ပင်စင် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဝန်ထမ်းနောင် ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ၊ အကြံပြုမှတ်ချက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၂၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

 

 

 

 

 

 

တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်သည် ၂၅-၁-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအား Online ဖြင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်မှာကြားပြီး၊ မီးဘေးလုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေး၊ ရုံးလုံခြုံရေး၊ ဝန်ထမ်းများ၏ လုံခြုံရေးကို အထူးဂရုပြုရန်၊ လုပ်ငန်းများ ကြွေးကျန်မရှိစေရေးနှင့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများ၏ အကျိုးကို စေတနာပါပါ၊ ရိုးရိုးသားသားလုပ်ကိုင်ဆောင်ရွက်ပေးရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူး၊ဒေါ်ညိုညိုနိုင်အား ဂုဏ်ပြုနှုတ်ဆက်ခြင်း

ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သက်ပြည့်အငြိမ်းစားယူမည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုနိုင်အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ ဝန်ထမ်းလုပ်သက်တစ်လျှောက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုနိုင်မှ လက်ခံ ရယူခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းမှ ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ရာ ဒေါ်ညိုညိုနိုင်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် သက်ပြည့်အငြိမ်းစားယူမည့် ဒေါ်ညိုညိုနိုင်နှင့် ပင်စင်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်အပါအဝင် အရာထမ်းများ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးနေရာများ ခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကျင်းပခြင်း

ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာ နှင့် စိစစ်ရေးမှူး-၄ ရာထူးနေရာများ အတွက် ပြင်ပပုဂ္ဂိုလ်များ ခန့်ထားနိုင်ရန်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမ၌ ၂၂-၁-၂၀၂၂ ရက်နေ့နှင့် ၂၃-၁-၂၀၂၂ ရက်နေ့များတွင် ရေးဖြေစာမေးပွဲအား ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် မှ  စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။